International News

အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ Phil Hogan ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာ ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်

Last Updated:

ဥရောပကော်မရှင်၏ ကုန်သွယ်ရေးကော်မရှင်နာဖြစ်သူ Phil Hogan သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) ၏ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း၊ ၎င်းအနေဖြင့် အဆိုပါရာထူး နေရာအတွက် အမည်စာရင်း တင်သွင်းခြင်းမပြုတော့ရန် ဆုံးဖြတ်ခဲ့ပြီး၊ ဥရောပကော်မရှင်ဥက္ကဌ Von Der Leyen အား အသိပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ဥရောပကော်မရှင်ဥက္ကဌနှင့် ဆွေးနွေးအတည်ပြုခဲ့ပြီးနောက် ၎င်းအနေဖြင့် ကုန်သွယ်ရေးကော်မရှင်နာတာဝန်များကို ပြန်လည်ထမ်းဆောင်တော့မည်ဖြစ်သည် ဟု Phil Hogan ကပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ပြီးခဲ့သည့်မေလနှောင်းပိုင်းတွင် ၎င်းအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာအား ဝင်ရောက်ယှဉ်ပြိုင်လိုကြောင်းကို ကြေညာခဲ့ပြီး၊ ဇွန်လတွင် ကျင်းပခဲ့သည့် ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေး၌ Phil Hogan အား ထောက်ခံမှုနှင့်စပ်လျဉ်း၍ အထူးသဖြင့် ပြင်သစ်နှင့်နယ်သာလန်နိုင်ငံတို့က အီးယူအနေဖြင့် အဆိုပါရာထူးနေရာအတွက် အီးယူပြင်ပမှ ကိုယ်စားလှယ်လောင်း (non-EU candidates) ကိုသာ ထောက်ခံသင့်သည်ဟု ပြောကြားခဲ့ကြကြောင်း၊ လစ်ဘရယ် အီးယူနိုင်ငံများကလည်း Phil Hogan အနေဖြင့် ဥရောပကော်မရှင်မှ ထွက်ခွာခဲ့ပါက ကုန်သွယ်ရေးကော်မရှင်နာ အပြောင်းအလဲဖြစ်ပေါ်မည်ကို စိုးရိမ်မှုရှိခဲ့ကြကြောင်း၊ အီးယူနှင့် အမေရိကန်နိုင်ငံတို့အကြား ဘိုးအင်းလေယာဉ်ဆိုင်ရာ ကိစ္စရပ်နှင့်စပ်လျဉ်း၍ ကြန့်ကြာနေမှုကြောင့်လည်း အီးယူအနေဖြင့် ဖိအားဖြစ်စေကြောင်း သိရှိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာအတွက် ဝင်ရောက်အရွေးချယ်ခံရေးလုပ်ငန်းစဉ်မှာ ၎င်းမျှော်မှန်း ထားသည်ထက်ပို၍ ကာလကြာရှည်နိုင်သဖြင့် အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာအနေဖြင့် ဂရုပြု၍ အပြည့်အဝပါဝင်ဆောင်ရွက်ရန် လိုအပ်သည့် အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေးအငြင်းပွားမှုကိစ္စရပ်များနှင့် တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် မသေချာမရေရာမှုကို ဖြစ်စေနိုင်မည်ဟု Phil Hogan က ပြောကြားခဲ့ကြောင်း Politico ၏ ၂၉-၆-၂၀၂၀ နေ့တွင် သတင်းဖော်ပြမှုအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (Politico)

 

Category: International News